ကျီးပေါင်းတက်ခြင်းအကြောင်း သိကောင်းစရာ
ပင်မကျောရိုးမကြီးရဲ့ လည်ပင်းအပိုင်းရှိ အရိုးထစ်တွေဟာ အသက်ကြီးလာတာနဲ့အမျှ ဆွေးမြေ့လာခြင်းကြောင့် လည်ပင်းလှုပ်ရှားလျှင် တောင့်တင်းပြီး လည်ပင်းကျီးပေါင်းတက်ခြင်း ဖြစ်ပေါ်ပါတယ်။
အရိုးထစ်တွေဟာ ငယ်စဥ်ကနဲ့ယှဥ်လျှင် ရေဓာတ်လျော့နည်းလာကာ ကျုံ့လာခြင်း၊ အရိုးအဆစ်များ ကျွံခြင်း၊ အရွတ်များ တောင့်တင်းလာခြင်း၊ အရိုးအဆစ်ယောင်ယမ်းခြင်း၊ အရိုးအတက်ထွက်ခြင်းများလည်း ဖြစ်ပေါ်လျက်ရှိပါတယ်။ ၈၅ ရာခိုင်နှုန်းသော အသက် ၆၀ ကျော်အရွယ်တွေမှာ ကျီးပေါင်းတက်ခြင်းကို အတွေ့ရများပါတယ်။
လက္ခဏာများ
- အသက်ကြီးသူများ (အသက် ၆၀ နှင့်အထက်)
- အလုပ်အကိုင် (ဥပမာ အလေးထမ်းသမားများ၊ ကားမောင်းသမားများ၊ အကြာကြီးထိုင်ကာ စာရင်းပြုလုပ်ရသူများ၊ စသည့်)
- လည်ပင်းကို ထိခိုက်ဖူးသူများ
- မျိုးရိုးလိုက်ခြင်း
- ဆေးလိပ်သောက်သုံးသူများ စတဲ့လူတွေမှာ အဖြစ်များပါတယ်။
ဘာလို့ ဇက် ကျီးပေါင်း တက်ရတာလဲ
- လည်ပင်းဆစ်ကြားရိုးတွေ ပြားလာတာ - ဒီဆစ်ကြားရိုးတွေက လည်ပင်းဆစ် တစ်ခုနဲ့ တစ်ခုကြားမှာ ကူရှင်လိုမျိုး ခံထားပေးပါတယ်၊။ အသက်၄၀လောက်က စပြီး ဒီဆစ်ကြားရိုးတွေက တဖြည်းဖြည်းပိပြီး ပြားလာပါတယ်။ ဒါကြောင့် ကြာလာတဲ့အခါ လည်ပင်းဆစ်တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မှုတွေ ဖြစ်လာပါတယ်။
- လည်ပင်းဆစ်ကြားရိုးတွေ ကျွံတာ - အသက်ကြီးလာတာနဲ့ အမျှ ဆစ်ကြားရိုးတွေက အက်ကွဲပြီး အပြင်ကို ကျွံထွက်လာပါတယ်။ ဒါကြောင့် အာရုံကြောမကြီးနဲ့ အာရုံကြောကို ဖိတတ်ပါတယ်။
- အရိုးအတက်ထွက်တာ - ဒီလို လည်ပင်းဆစ်ကြားရိုးတွေ ပျက်စီးလာတာကြောင့် ကျောရိုးမကြီးကို ထောက်ပံ့ဖို့အတွက် အရိုးအတက်တွေ ထွက်လာပါတယ်။ ဒီအရိုးအတက်ထွက်တာကလည်း အာရုံကြောမကြီးနဲ့ အာရုံကြောတွေကို ဖိတတ်ပါတယ်။
- အရွတ်တွေ တောင့်တာ - အသက်ကြီးလာတော့ အရွတ်တွေ တောင့်ပြီး လည်ပင်းက လှုပ်ရှားရခက်လာပါတယ်။
- ထိခိုက်ဒဏ်ရာရတာ - ကားအက်စီးဒင့်ကြောင့် ဖြစ်ဖြစ်၊ ချော်လဲလို့ဖြစ်ဖြစ် လည်ပင်းကို ထိခိုက်မိမယ်ဆိုရင် အရိုးတွေ၊ အရွတ်တွေ ပျက်စီးတဲ့အတွက် ကျီးပေါင်းမြန်မြန်ဖြစ်တတ်ပါတယ်။
- ဇက်နှင့် ပခုံးကို အလွန်အမင်း အသုံးချမိနေခြင်း - တချို့သော အလုပ်တွေက ခေါင်းကို ခဏခဏ လှုပ်ရတာ ဒါမှမဟုတ် အလေးအပင်တွေ မ ရတာ များရင်လည်း ကျောရိုးကို ဖိအားပေးသလို ဖြစ်တဲ့အတွက် အရိုးတွေ အရွတ်တွေကို စောစောပျက်စီးစေပါတယ်။